ရန်ကုန်၊ စက်တင်ဘာ ၂
ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ် လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က ညွှန်ကြားချက်အမှတ် (၄၁/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ ညွှန်ကြားချက်သည် ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများမှ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လုပ်ငန်းများ စည်းကမ်းတကျ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။
ညွှန်ကြားချက်အရ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုသူများသည် ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံကို မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးမှ ရယူ၍ လုပ်ငန်းတည်ထောင်ဖွင့်လှစ်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်သည်။
ထို့ပြင် ညွှန်ကြားချက် မထုတ်ပြန်မီကတည်းက အဆိုပါ လုပ်ငန်းများကို လုပ်ကိုင်နေသူများအနေဖြင့်လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။
လက်ရှိလုပ်ကိုင်နေသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ၆ လပြည့်မြောက်သည့် နေ့ရက်မတိုင်မီ လိုင်စင်လျှောက်ထားရမည် ဖြစ်သည်။
သတ်မှတ်ထားသည့် ကာလအတွင်း လိုင်စင်လျှောက်ထားခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင်ပါက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၁ အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
