အင်္ဂါနေ့တုန်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆေးစစ်ချက်ခံယူပြီး ဆေးရုံကနေ ထွက်ခွာလာချိန်၊ အိမ်ဖြူတော်ကိုအပြန်လမ်းမှာ အရာအားလုံးဟာ “အဆင်ပြေပြေ ကောင်းမွန်လွန်းတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီပြောကြားချက်က ထရမ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြတာတွေကို ငြိမ်သက်သွားစေဖို့ မလုံလောက်ပါဘူး။ ပြီးတော့ သမ္မတကိုယ်တိုင်ကလည်း ကမ္ဘာမြေပေါ်မှာ သူ့အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ရံဖန်ရံခါ ပြန်တွေးမိပြီး ကောင်းကင်ဘုံကို ရောက်ပါ့မလားလို့ ထုတ်ဖော်တွေးတောရင်း လုံခြုံရေးပိုင်းနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လေ့ရှိပေမယ့်၊ သူလည်း သေခြင်းတရားနဲ့ နီးနေပြီဆိုတာကို မသိမသာ ဝန်ခံလာတာတွေ ရှိနေပါတယ်။
“ကျွန်တော် ဘယ်လောက်အထိ အသက်ရှင်နေဦးမလဲတော့ မသိဘူး၊ ကျွန်တော့်ကို ပစ်မှတ်ထား နှိပ်ကွပ်ချင်နေတဲ့သူတွေ အများကြီးရှိတယ်” လို့ ဒီနှစ်အစောပိုင်းက East Room မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ သူက တွေးတွေးဆဆနဲ့ ပြောခဲ့ပါတယ်။
ထရမ့်အနေနဲ့ Walter Reed အမျိုးသားစစ်ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ သွားရောက်တာဟာ မနှစ်က အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းကဆိုရင် သုံးကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာ ဖလော်ရီဒါက သွားဆရာဝန်ဆီ နှစ်ကြိမ်တောင် သွားပြထားပြီးဖြစ်ပေမယ့် အိမ်ဖြူတော်ကတော့ ဒီတစ်ခေါက် ကျန်းမာရေးစစ်ဆေးမှုမှာ “ပုံမှန်နှစ်ပတ်လည် သွားနဲ့ ခန္ဓာကိုယ် ကျန်းမာရေးဆန်းစစ်ချက်တွေ” ပါဝင်မယ်လို့ ပြောပါတယ်။
ထရမ့်နဲ့ သူ့ရဲ့အဖွဲ့ကတော့ သူ့ကို အကန့်အသတ်မရှိတဲ့ စွမ်းအင်တွေ၊ အနှိုင်းမဲ့ ထက်မြက်မှုတွေရှိတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် စိတ်အားထက်သန်စွာ ဖော်ပြလေ့ရှိပြီး အသက်ကြီးလာလို့ သိသိသာသာ ပြောင်းလဲလာတာတွေနဲ့ အစည်းအဝေးတွေမှာ ငိုက်မြည်းနေတတ်တဲ့ အခြေအနေတွေကိုတော့ ဂရုမစိုက်သလို နေကြပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို စစ်ဆေးမှုတွေလုပ်ပြီးနောက် သူ့ရဲ့ဆရာဝန်က ကောင်းမွန်ကြောင်း အမွှမ်းတင် ထုတ်ပြန်ချက်တွေ ပေးခဲ့ပေမယ့်လည်း ထရမ့်ရဲ့ ကျန်းမာရေးအပေါ် သံသယတွေကိုတော့ မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။
ဥပဒေအရ သမ္မတတွေဟာ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ဖို့ မလိုတာကြောင့် သူတို့ ထုတ်ပြန်သမျှဟာ ကိုယ်ပိုင်ဆန္ဒအရပဲ ဖြစ်ပါတယ်။ ထရမ့်မတိုင်ခင်က သမ္မတတော်တော်များများဟာလည်း တာဝန်ထမ်းဆောင်စဉ်အတွင်းမှာ သူတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို ဖုံးကွယ်ထားခဲ့ကြတယ်ဆိုတာ နောက်ပိုင်းမှ သိခဲ့ရတာပါ။
သူ့ရဲ့ နိုင်ငံရေးပုံရိပ်ကို အားအင်ပြည့်ဝပြီး ကြံ့ခိုင်မှုရှိတယ်ဆိုတဲ့ အသွင်အပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ ထရမ့်ဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုခုကို ဝန်ခံဖို့ဆိုရင် အတော်လေး ဝန်လေးတတ်တာနဲ့ နာမည်ကြီးပါတယ်။
သူက “အိပ်ချင်မူးတူး ဂျိုး (Sleepy Joe)” လို့ ခေါ်တဲ့ သူ့ရဲ့အရင် သမ္မတဟောင်းနဲ့လည်း နေ့တိုင်းလိုလို နှိုင်းယှဉ်ပြောဆိုတတ်ပါသေးတယ်။ သူ့ရဲ့ လက်ထောက်တွေကလည်း သမ္မတ ညနက်တဲ့အထိ အလုပ်လုပ်နေတာကို ချက်ချင်း ထုတ်ဖော်ပြောလေ့ရှိကြပြီး၊ ဥပမာ ဒီတစ်ပတ်ပိတ်ရက်ကပဲ ပြန်ကြားရေးလက်ထောက်တစ်ဦးက သမ္မတဟာ ည ၉ နာရီခွဲအထိ ဘဲဥပုံရုံးခန်း(Oval Office) ထဲမှာ အလုပ်လုပ်နေတုန်းပဲလို့ ကြေညာခဲ့ပါတယ်။
“ကျွန်တော်က သက်ကြီးရွယ်အိုတစ်ယောက် မဟုတ်ပါဘူး၊ ခင်ဗျားတို့ထက် အများကြီး ငယ်ပါသေးတယ်၊ ကျွန်တော်က ခင်ဗျားတို့ထက် အများကြီး ပိုငယ်တဲ့သူပါ” လို့ ထရမ့်က ဒီလထဲမှာ ဖလော်ရီဒါက သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာတစ်ခုမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဂျိုးဘိုင်ဒင် သမ္မတဖြစ်စဉ်ကထက်စာရင် ထရမ့်က ပိုပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ လူမြင်ကွင်းမှာ ပိုတွေ့ရတတ်ပေမယ့်၊ သူဟာ သူ့ရဲ့ ပထမသက်တမ်းကထက်စာရင် ခရီးသွားလာတာ နည်းပါးနေဆဲဖြစ်ပြီး ကင်မရာရှေ့မှာ ပြုလုပ်တဲ့ ပွဲတွေအတွင်း မျက်လုံးတွေကို အကြာကြီး မှိတ်ထားတတ်တဲ့ အကြိမ်အရေအတွက်လည်း မနည်းလှပါဘူး။
လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းသူတွေရဲ့ လက်ချက်နဲ့ ထရမ့်ရဲ့ အသက်အန္တရာယ်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်ခံရတာတွေ၊ ပြီးတော့ သူ့ရဲ့ ကြီးရင့်လာတဲ့ အသက်အရွယ်တွေက အရာအားလုံးဟာ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သတိပေးနေသလိုပါပဲ။ သူနဲ့ သူ့လက်ထောက်တွေက လက်မှာ အညိုအမည်းစွဲတာ၊ ခြေထောက်တွေ ဖောရောင်တာလိုမျိုး ခန္ဓာကိုယ်ပိုင်း ယိုယွင်းလာမှုတွေကို သာမန်ကိစ္စလိုပဲ သဘောထားပြီး ဖုံးကွင်းပြောဆိုနေကြပေမယ့် သမ္မတကိုယ်တိုင်ကတော့ လူ့လောကရဲ့ မမြဲခြင်းတရားတွေအပေါ် သူ့ရဲ့ အတွေးအမြင်အချို့ကို ရံဖန်ရံခါ ထုတ်ပြခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့လက အိမ်ဖြူတော်မှာ ဗြိတိန်ဘုရင် တတိယမြောက်ချားလ်စ်ကို ကြိုဆိုစဉ် သူပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ရဲ့ စိတ်ထဲက အခြေအနေကို ဖော်ပြနေပါတယ်။ သူ့မိဘတွေရဲ့ နှစ်ပေါင်း ၆၃ နှစ်ကြာအောင် တည်မြဲခဲ့တဲ့ အိမ်ထောင်ရေးကို ရည်ညွှန်းပြီး၊ လွန်ခဲ့တဲ့ ၂၁ နှစ်က လက်ထပ်ခဲ့တဲ့ သူ့ရဲ့ ဇနီးဖြစ်သူဘက် လှည့်ကာ ပြောခဲ့တာပါ။
“အဲဒီစံချိန်ကိုတော့ ကျွန်တော်တို့ မှီအောင် လုပ်နိုင်မှာ မဟုတ်ဘူး ချစ်ရေ၊ စိတ်မကောင်းပါဘူး၊ အဲဒီလိုမျိုး ဖြစ်မလာနိုင်တော့ဘူး” လို့ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတကြီးက ပြောခဲ့ပါတယ်။
လူမြင်ကွင်းမှာတော့ သမ္မတဟာ သူ့အသက်အန္တရာယ်အပေါ် ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုတွေ ရှိနေတာတောင် အံ့ဩစရာကောင်းလောက်အောင် တည်တည်ငြိမ်ငြိမ် ရှိနေတတ်ပါတယ်။ ပြီးခဲ့တဲ့လက ထိတ်လန့်စရာကောင်းတဲ့ သတင်းစာရှင်းလင်းပွဲ ညစာစားပွဲအပြီးမှာ သူဟာ တပ်ဆီဒို ဝတ်စုံကို ဝတ်ဆင်ပြီး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲခန်းမထဲကို ထွက်လာချိန်၊ သူ့ရဲ့ အမူအရာဟာ အလွန်အမင်း အေးဆေးတည်ငြိမ်နေခဲ့ပါတယ်။
သူ အစားအသောက် စားဖို့ ပြင်ဆင်နေတဲ့ ခန်းမထဲကို ေ-သနတ်သမားတစ်ယောက် ဝင်ရောက်ဖို့ ကြိုးပမ်းပြီး တစ်နာရီလောက်အကြာမှာ၊ သူ့ရဲ့ အလေ့အထတွေကို ပြောင်းလဲဖို့ ရှိမရှိ ပြန်လည်စဉ်းစားရင်း “ဒါက အန္တရာယ်များတဲ့ ဘဝပဲလေ” လို့ ပခုံးတွန့်ကာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်နဲ့ စကားပြောဖူးသူတွေရဲ့ အဆိုအရတော့၊ အဲဒီအကြောက်တရားဟာ စိတ်ဒုက္ခပေးတဲ့အထိ စွဲလမ်းမသွားအောင် သူထိန်းချုပ်ထားပေမယ့်လည်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကိစ္စဟာ စိတ်ထဲကနေ ဘယ်တော့မှ ပျောက်မသွားဘူးလို့ ဆိုကြပါတယ်။
သူနဲ့ စစ်ဖြစ်နေတဲ့ အီရန်နိုင်ငံဟာလည်း သူ့ကို လုပ်ကြံသ-တ်ဖြတ်ဖို့ အရင်က ကြံစည်ခဲ့ဖူးပါတယ်။ ပြီးတော့ သူနဲ့ ရင်းနှီးတဲ့သူနှစ်ဦးဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကတ်ခ်(Charlie Kirk) တို့ဟာလည်း မကြာသေးမီနှစ်တွေအတွင်းက ပြင်ပမှာပြုလုပ်တဲ့ အခမ်းအနားတွေမှာ တစ်ကိုယ်တော် သေနတ်သမားတွေရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။
စနေနေ့တုန်းကလည်း ထရမ့် အိမ်ဖြူတော်ထဲမှာ ရှိနေစဉ်၊ အိမ်ဖြူတော်အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ လုံခြုံရေးအရာရှိတွေကို ေ-သနတ်နဲ့ပ-စ်ခတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အထူးလုံခြုံရေးအဖွဲ့က ရှင်းလင်းခဲ့ရတာကလည်း သမ္မတ ရင်ဆိုင်နေရတဲ့ လုံခြုံရေးအန္တရာယ်ကို သတိပေးနေတဲ့ သာဓကတစ်ခုပါပဲ။
ထရမ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်မှုတွေက သူ ရာထူးမရခင်ကတည်းက ရှိခဲ့တာပါ။ ၂၀၁၅ ခုနှစ်က သူ ပထမဆုံးအကြိမ် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်စဉ်တုန်းက သူ့ရဲ့ ကိုယ်ပိုင်ဆရာဝန် ရေးပေးခဲ့တဲ့ စာထဲမှာ “အကယ်၍ ရွေးကောက်ခံရရင် မစ္စတာထရမ့်ဟာ သမ္မတအဖြစ် ရွေးချယ်ခံရသမျှထဲမှာ ကျန်းမာရေးအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အပြ-တ်အသ-တ် ပြောနိုင်ပါတယ်” လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီစာကို ရေးခဲ့တဲ့ ဆရာဝန် ဟာရိုးလ်ဒ်ဘွန်းစတိန်း(Harold Bornstein) ကတော့ အဲဒီစာသားတွေကို ထရမ့်ကိုယ်တိုင်က ပြောပြီး သူ့ကို ရေးခိုင်းခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ CNN ကို ဖွင့်ဟခဲ့ပါတယ်။
ထရမ့်ရဲ့ ပထမသက်တမ်းမှာ ကျန်းမာရေးပြဿနာတချို့ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး၊ အဲဒီထဲမှာ အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိဘဲ Walter Reed ဆေးရုံကို ရုတ်တရက် သွားရောက်ခဲ့တာလည်း ပါဝင်ပြီး အူမကြီးမှန်ပြောင်းကြည့်ဖို့(colonoscopy) ဖြစ်တယ်လို့ နောက်ပိုင်းမှာ လက်ထောက်တစ်ယောက်က ထုတ်ဖော်ပြောခဲ့ပုံရပါတယ်။ ဒါ့အပြင် ကိုဗစ် ကူးစက်ခံရတုန်းကလည်း အိမ်ဖြူတော်အရာရှိတွေက ရောဂါပြင်းထန်မှုကို အဲဒီအချိန်တုန်းက ထိမ်ချန်ထားခဲ့ကြပါတယ်။
အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာပြီးနောက်မှာတော့ သိသာထင်ရှားတဲ့ ကျန်းမာရေးဝေဒနာတွေကြောင့် သမ္မတရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အသစ်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်ဘက်က ဖိအားပေးခံလာရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက တွေ့ရှိခဲ့တဲ့ ထရမ့်ရဲ့ ခြေကျင်းဝတ်တွေ ဖောရောင်နေတဲ့ကိစ္စဟာ အသက်အရွယ်ကြောင့် အဖြစ်များတဲ့ နာတာရှည် သွေးပြန်ကြော အားနည်းတဲ့ရောဂါ(chronic venous insufficiency) ကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ထရမ့်ဟာ သွေးလည်ပတ်မှုကောင်းစေတဲ့ ခြေအိတ်အကျပ်တွေ(compression socks) ဝတ်ဆင်ဖို့ ကြိုးစားခဲ့သေးပေမယ့် နေရထိုင်ရ အဆင်မပြေတာကြောင့် မဝတ်ဖြစ်တော့ပါဘူး။
ထရမ့်ရဲ့ လက်တွေမှာ အညိုအမည်းစွဲနေတာတွေကိုတော့ သူက မိတ်ကပ်အထူကြီးတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလေ့ရှိပြီး၊ ဆရာဝန်တွေ အကြံပြုထားတာထက် ပိုများတဲ့ အက်စပရင်(aspirin) ဆေးပြားတွေကို အလွန်အကျွံ သောက်သုံးနေတာကြောင့်ရယ်၊ လူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ များတာကြောင့်ရယ်ကြောင့် ဖြစ်ရတာလို့ အိမ်ဖြူတော်က ဆိုပါတယ်။
ပြီးတော့ အစည်းအဝေးတွေမှာ မျက်ခွံတွေ လေးလံကျနေတာ (ငိုက်နေတာ) နဲ့ပတ်သက်ပြီးတော့လည်း ဒါဟာ မျက်တောင်ကို အကြာကြီး ခတ်လိုက်ရုံသက်သက်ပါလို့ အရာရှိတွေက ဇွတ်ငြင်းကြပါတယ်။
အောက်တိုဘာလက Walter Reed ဆေးရုံကို သွားပြီးနောက်မှာ ထရမ့်က သူ MRI ရိုက်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပြခဲ့ပေမယ့် ဘာကြောင့်လဲ၊ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ရို-က်ခဲ့တာလဲဆိုတာကိုတော့ ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ထပ် လပေါင်းများစွာ ကြာပြီးတဲ့နောက်မှသာ အိမ်ဖြူတော်ဆရာဝန် ဒေါက်တာ ရှောင်ဘာဘာဘဲလား(Dr.Sean Barbabella) ရဲ့ ပြောကြားချက်အရ အဲဒီစစ်ဆေးမှုဟာ တကယ်တော့ CT scan ရို-က်တာဖြစ်ပြီး၊ “နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါပြဿနာ လုံးဝမရှိကြောင်း သေချာစေဖို့” ရည်ရွယ်တာဖြစ်တယ်လို့ အရာရှိတွေက အတည်ပြုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ထရမ့်ရဲ့ ကျန်းမာရေး အစီရင်ခံစာမှာ ဘာဘာဘဲလားက သမ္မတရဲ့ “တက်ကြွတဲ့ လူနေမှုပုံစံ” နဲ့ “ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ မကြာခဏ အနိုင်ရရှိမှုတွေ” ကို ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ထရမ့်ကိုယ်တိုင်က သူ လေ့ကျင့်ခန်း လုပ်လေ့လုပ်ထ မရှိဘူးလို့ ဝန်ခံခဲ့ပြီး၊ သမ္မတသစ် ကြံ့ခိုင်မှုစစ်ဆေးခြင်း အခမ်းအနားတစ်ခုမှာ လေ့ကျင့်ခန်းလုပ်ဖို့ “တစ်နေ့ကို အများဆုံး တစ်မိနစ်လောက်ပဲ” အချိန်ပေးတယ်လို့ နောက်ပြောင်ပြီး ပြောခဲ့ပါသေးတယ်။
သူ့ရဲ့ အစိုးရအဖွဲ့ထဲက ကျန်းမာရေးကို အထူးဂရုစိုက်တတ်တဲ့ အရာရှိတွေတောင်မှ ထရမ့်ရဲ့ စားသောက်မှုပုံစံဟာ အတော်လေး ဆိုးရွားတယ်ဆိုတာကို လက်ခံထားကြပါတယ်။
“သူ ဘယ်လိုများ အသက်ရှင်နေလဲ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ သူ အသက်ရှင်နေတုန်းပဲ” လို့ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ(Robert F. Kennedy Jr.) က ထရမ့်ရဲ့ မက္ကဒေါနယ်(McDonald’s) မုန့်တွေ၊ သကြားလုံးတွေနဲ့ Diet Coke သောက်သုံးတဲ့ အလေ့အထတွေကို ရည်ညွှန်းပြီး ဒီနှစ် ပေါ့ဒ်ကတ်စ်(podcast) တစ်ခုမှာ ပြောခဲ့ပါတယ်။
ထရမ့်ရဲ့ ကျန်းမာရေးကိစ္စတွေထဲမှာ သူ့ရဲ့ သိမှုစွမ်းရည် (ဦးနှောက် စွမ်းဆောင်ရည်) ထက် ပိုပြီး အငြင်းပွားစရာကောင်းတာ မရှိတော့ပါဘူး။ သူ့ရဲ့ ဒုတိယသက်တမ်းမှာ လူထုပွဲတွေအတွင်း သူ စကားပြောတဲ့အခါ တစ်ခုကနေ တစ်ခုကို လျှောက်သွားနေတတ်ပြီး သူ လာရတဲ့ အဓိက အကြောင်းအရင်းနဲ့ လုံးဝမသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောလေ့ရှိပါတယ်။ သူကတော့ စကားကို လှည့်ပတ်ပြီး ချိတ်ဆက်ပြောတာကို “ရက်လုပ်ခြင်း (weave)” လို့ ခေါ်ပေမယ့် ဝေဖန်သူတွေကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ကောင်းမွန်ရဲ့လားလို့ သံသယဝင်နေကြပါတယ်။
ထရမ့်ကတော့ ဆရာဝန်ကြီးကြပ်မှုအောက်မှာ အသိဉာဏ်စွမ်းရည်စစ်ဆေးမှု သုံးကြိမ်တောင် ဖြေဆိုခဲ့ဖူးတယ်လို့ သူ့ရဲ့ နိုင်ငံရေးပွဲတွေမှာ ထပ်ခါတလဲလဲ ကြွားလုံးထုတ်လေ့ရှိပေမယ့်၊ ဒီလထဲမှာတော့ နောင်ကျရင် အဲဒီစစ်ဆေးမှုတွေကို မလုပ်တော့ဘဲ ဖြတ်လိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
“အဲဒီလို စစ်ဆေးရမယ့်ရက်တွေ ကုန်ဆုံးသွားပြီလို့ ထင်ပါတယ်၊ အဲဒီစာမေးပွဲကို ဖြေရတာ ကျွန်တော် ပျင်းလှပြီ” လို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနား မိန့်ခွန်းမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။
