စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလဆန်းပိုင်းက ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အချက်(၁၅)ချက်ကို အချိန်မီဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို မန္တလေးတိုင်းရှိ စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်မှုကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ စက်မှုဇုန်တာဝန်ရှိသူများကို အောက်တိုဘာ(၁၉)ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့ချိန် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် အချိန်ဇယားများရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဒေါက်တာချာလီသန်းက ပြောသည်။ လက်ရှိ ဒေသဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များ စက်မှုဇုန်အသီးသီးရှိ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြုပ်နှံမှုတန်ဖိုး ထုတ်လုပ်မှုတန်ဖိုး၊ မြင်းကောင်ရေးအား၊ လုပ်သားဦးရေ၊ ထုတ်ကုန်အမျိုးအစား၊ မြေအသုံးပြုမှုတို့ကို ပြုစုတင်ပြပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
