နေပြည်တော်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ရှိ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီတွင် ရေဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မိုးဇလက ဖောင်းပြင်မြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ကင်းရာ နေရာများသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် ရေဘေးအန္တရာယ်ကို သတိပြုကြရန် နှိုးဆော်ထားသည်။
ထို့ပြင် မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများကလည်း ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအား ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် လိုက်လံအသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
