၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း (Diploma in Fisheries and Aquaculture) သို့ တက်ရောက်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများကို ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အသက် ၂၂ နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မွေးမြူရေးအတတ်ပညာဘာသာရပ်တွင် အဆင့် (B) ရရှိထားသူများလည်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ဒီပလိုမာသင်တန်းမှာ သင်တန်းကာလ ၃ နှစ်ဖြစ်ပြီး Fish Biology၊ Hatchery Management၊ Farm Management၊ Fish Pathology၊ Fisheries Economy၊ Aquaculture Engineering၊ Fisheries Statistics၊ Post Harvest Technology၊ English၊ Computer အပါအဝင် ဘာသာရပ်စုစုပေါင်း ၁၈ ခုကို သင်ကြားပို့ချမည်ဖြစ်သည်။
သင်တန်းပြီးဆုံးအောင်မြင်သူများကို Diploma in Fisheries and Aquaculture အောင်လက်မှတ် ချီးမြှင့်မည်ဖြစ်ကာ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်၌ B.Sc (Fisheries and Aquaculture) သင်တန်းသို့ ဝင်ခွင့်ဖြေဆိုခွင့်လည်း ရရှိမည်ဖြစ်သည်။
လျှောက်လွှာများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများ၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ တို-က်ရို-က်ပေးပို့ လျှောက်ထားရမည်ဖြစ်ပြီး၊ သတ်မှတ်ရက်ကျော်လွန်ခြင်း သို့မဟုတ် အချက်အလက်မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
တက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ကျောင်းဖွင့်လှစ်မည့်ရက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများအပြင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) မှ ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
