ဧရာဝတီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြသည်။
လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် လူရည်ချွန် မောင်၊ မယ် စုစုပေါင်း ၄၂၀ ကျော်အား ပုသိမ်မြို့ရှိ ဝန်ကြီးများ အိမ်ယာရှေ့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လူရည်ချွန်စခန်း ၂ ခုဖြစ်သော ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ကို ဖွင့်လှစ်ထားရှိပြီး အခြေခံပညာအဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၃၃ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၁၆ ဦးတို့အား ငွေဆောင်စခန်းတွင် နေရာချထားမည်ဖြစ်သည်။
ထို့ပြင် အဆင့်မြင့်တန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၂၉၁ ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ ၃၀ ဦးတို့အား ချောင်းသာလူရည်ချွန်စခန်းတွင် အသီးသီး နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စခန်းများတွင် လေးရက်ကြာ စခန်းချနေထိုင်ပြီးနောက် မေလ ၁၀ ရက်နေ့တွင် စခန်းများမှ ပြန်လည်ထွက်ခွာကာ ပုသိမ်မြို့အတွင်းရှိ လေ့လာသင့်သောနေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရှိရသည်။
