မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက်
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။
ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ၎င်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စစ်မှန်သော ကတိကဝတ်ကို ဖော်ဆောင်ရာရောက်မည်ဖြစ်ပါသည်။
ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံခွင့်ရရှိရေး တောင်းဆိုချက်ကိုလည်း မြန်မာနိုင်ငံဘက်က ခွင့်ပြုလိမ့်မည်ဟု ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ပါသည်။ ၎င်းသည် အားလုံးပါဝင်နိုင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရမည့် အထူးသံတမန်၏ အခန်းကဏ္ဍနှင့်လည်း ကိုက်ညီမှုရှိပါသည်။
ဤနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည့်ပြည့်ဝဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် ဖြစ်စေပါသည်။ ထို့အပြင် မြန်မာနိုင်ငံသားကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံသားများ ကိုယ်တိုင်ပိုင်ဆိုင်သည့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြေရှင်းချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန်အတွက် ခိုင်မာသော ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ပြသသွားရန်လည်း တိုက်တွန်းအပ်ပါသည်။