မြဝတီ၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးခဲ့သူများမှာ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၅,၂၆၃ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းတို့အနက် ၁၃,၉၂၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသူ ၁,၃၃၇ ဦးအနက် ပြည်ပနိုင်ငံသား ၆၄၀ ဦးကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လက်ရှိပြဋ္ဌာန်းဥပဒေများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတို့အရ အရေးယူထားကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ပနိုင်ငံသား ၆၉၇ ဦး ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
