ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက် စီးပွားရေးအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ကိဗ်ကို တိုက်တွန်းချက်မှန်သမျှ ကြိုဆိုရမှာဖြစ်ပါတယ်” ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံများအနေဖြင့် ကိဗ်အပေါ်ရှိ ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုကာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် သဘောထားတစ်ရပ် ပြသလာစေရန် တိုက်တွန်းနိုင်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် အထောက်အကူဖြစ်လာနိုင်ကြောင်း ပက်ရှ်ကော့ဗ်က ဆိုသည်။ ထရမ့်ပ်က ယူကရိန်းသည် ရုရှား၏ စွမ်းအင်ပစ်မှတ်များကို မတိုက်ခိုက်ရန် သဘောတူထားပြီး ရုရှားကလည်း အလားတူ လုပ်ဆောင်ရန် သဘောတူထားကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ သို့သော် ယင်းသဘောတူညီချက်တွင် မည်သည့်စွမ်းအင်အခြေခံအဆောက်အအုံများ ပါဝင်သည်၊ မည်သည့်အချိန်မှ စတင်အကျိုးသက်ရောက်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ထရမ့်ပ်က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ မကြာသေးမီလများအတွင်း ယူကရိန်း၏ တာဝေးပျံ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားရှိ ရေနံချက်စက်ရုံအချို့ ထိခိုက်ခဲ့ပြီး လောင်စာဆီထုတ်လုပ်မှု လျော့ကျကာ ရုရှားဒေသအချို့တွင် ဓာတ်ဆီနှင့် လောင်စာဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယူကရိန်းဘက်ကမူ ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်ခြင်းသည် စစ်ပွဲဆက်လက်ဆင်နွှဲရာတွင် မော်စကို၏ ကုန်ကျစရိတ် မြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ကမ္ဘာ့ဒီဇယ်ဈေးနှုန်း မြင့်တက်လာခြင်းသည် အီရန်အရေးကြောင့်မဟုတ်ဘဲ ရုရှား-ယူကရိန်းစစ်ပွဲ၏ သက်ရောက်မှုက အဓိကဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားထားသည်။ သို့သော် ခရမ္မလင်ဘက်ကမူ ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်ငြိမ်မှု ပိုမိုဆိုးရွားလာခြင်းသည် ပါရှန်ပင်လယ်ကွေ့ဒေသအတွင်း မတည်ငြိမ်မှုနှင့် ပဋိပက္ခအရှိန်မြင့်တက်လာခြင်းတို့ကြောင့် အဓိကဖြစ်ကြောင်း ပြောကြားထားသည်။ Ref: Xinhua / Reuters
