အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြန်မာ- အိန္ဒိယလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးချစ်ဆွေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများပါဝင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်ဘာ ၁ ရက် မှ ၈ ရက်အထိ ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ် (Capacity Development Programme) သို့ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တက်ရောက်နေစဉ်အတွင်း မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါလီမန်၏အခန်းကဏ္ဍနှင့် ဥပဒေပြုရေး၊ ကော်မတီစနစ်များ၊ ဘဏ္ဍာ ရေးဆိုင်ရာကော်မတီများ၊ မိမိမဲဆန္ဒနယ်မြေများတွင် စီမံခန့်ခွဲမှု၊ ပြည်နယ်ဥပဒေပြုအပါအဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးနှင့် ပါလီမန်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး MPLADS ယန္တရားနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်းသည့် မျှဝေဆွေးနွေးခြင်း အစီအစဉ်များတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် Parliament House ၌ အိန္ဒိယအောက်လွှတ်တော် Lok Sabha ဥက္ကဋ္ဌ Mr. Shri Om Birla နှင့် သွားရောက်တွေ့ဆုံဆွေးနွေးပြီး ပါလီမန်အဆောက်အအုံများ၊ စာကြည့်တိုက်နှင့် အနုပညာပြတိုက်များကိုလည်း သွားရောက်လေ့လာကြောင်း သိရသည်။
