ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။
၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး ဦးစိန်ညို+ဒေါ်လှနှစ်တို့၏ ပ စ္စယာနုဂ္ဂဟကိုခံယူပြီး မြင့်မြတ်သောရဟန်းအဖြစ်ရောက်ရှိတော်မူခဲ့သည်။
ချမ်းမြေ့ဆရာတော်လောင်းလျာသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော်၊ မန္တလေးမြို့၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ဆရာတော်၊ ပိုက်ကျုံးဆရာတော်၊ အသောကာရုံဆရာတော်၊ ဗာရာ ဏသီဆရာတော်၊ သံတော်ဆင့်ဆရာတော်၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော်တို့ထံတွင် ပရိယတ္တိစာပေများကိုသင်ယူဆည်းပူးတော်မူခဲ့ပြီး “ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့”တို့ကိုရရှိတော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ တောင်တွင်းကြီးမြို့၊ တောရဗိမာန်စာသင်တိုက်တို့၌ စာသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျန်းဂန်များသင်ကြားပို့ချပေးတော်မူခြင်း၊ ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ ပါဠိပဋိသောဓကအဖြစ်ဆောင် ရွက်တော်မူခြင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တည် ထောင်၍ တရားဟော/တရားပြ ကမ္မဋ္ဌာနာစရိယတာဝန်များဆောင်ရွက်တော်မူခြင်းတို့ကိုပြုလုပ်တော်မူခဲ့သည်။
ထို့ပြင် မြန်မာဘာသာကျမ်းစာ(၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်စသော စာပေကျမ်းဂန်များကိုရေးသားပြုစုတော်မူခဲ့ပြီး ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်နှင့် ရိပ်သာခွဲများအဖြစ် ဟင်္သာတမြို့၊ ပြင်ဦးလွင်မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင် ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌တည်ထောင်ဖွင့်လှစ်တော်မူခဲ့ကာ ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့၊ အမေရိကန်နိုင်ငံ၊ စပရင်းဖီးမြို့တို့တွင်လည်း ပဋိပတ္တိက မ္မဋ္ဌာန်းရိပ်သာများတည်ထောင်ဖွင့်လှစ်၍ သာသနာပြုတော်မူခဲ့သည်။
ဆရာတော်ကြီးသည် နိုင်ငံပေါင်းများစွာသို့ သာသနာ ပြုခရီး အကြိမ်(၇၀)ကျော်ကြွရောက်တော်မူခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိန်းဘရစ်ချ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ၊ အီလီနွိုက်တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊ ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင်တက္ကသိုလ်စသော ပြည်ပနိုင်ငံတက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများဟောကြားပြသတော်မူခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။
ထိုသို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ကမ္မဋ္ဌာနနယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် နိုင်ငံ တော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၅ ခုနှစ်တွင် “အဂ္ဂမဟာကမ္မဋ္ဌာန စရိယ”ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက”ဘွဲ့တံ ဆိပ်တော်တို့ကိုဆက်ကပ်လှူဒါန်းခဲ့သည်။
“သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါ စေ”ဆိုသည့် မေတ္တာပို့ဆုတောင်းစကားသည် ချမ်းမြေ့ဆရာတော်ကြီး၏ ထင်ရှားသည့်လက်သုံးမေတ္တာပို့ဩဝါဒကထာဖြစ်ပြီး ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၉)နှစ်၊ သိက္ခာတော်(၇၉)ဝါတွင် ဘဝနတ်ထံပျံ လွန်တော်မူခဲ့သည်။
ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက်ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်၍ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများကစီစဉ်ဆောင်ရွက်လျက်ရှိသည်။
