ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၀
အမေရိကန်ပြည်ထောင်စုသို့ သံမဏိနှင့်အလူမီနီယံ တင်သွင်းမှုအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟု ကန်သမ္မတထရမ့်ပ်ကပြောကြားခဲ့ပြီး တနင်္လာနေ့တွင် တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်မည်ဖြစ်သည်ဟုသိရသည်။
၎င်း၏ပထမသက်တမ်းအတွင်း ထရမ့်ပ်သည် နိုင်ငံတော်၏လုံခြုံရေးစိုးရိမ်မှုကိုအကြောင်းပြု၍ သံမဏိတင်သွင်းမှုအပေါ် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယံသွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်းအခွန်စည်းကြပ်ရန်ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကနေဒါ၊မက္ကဆီကိုနှင့်ဘရာဇီးတို့ပါဝင်သည့် ကုန်သွယ်မှုမိတ်ဖက်အချို့ကိုအခွန်ကင်းလွတ်ခွင့်ပြုခဲ့သည်။
ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်တွင်လည်း အမေရိကသည် ထရမ့်ပ်လက်ထက်ကတင်သွင်းခဲ့သည့် အခွန်ကင်းလွတ်ခွင့်အချို့ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဥရောပသမဂ္ဂ၊ဗြိတိန်နှင့် ဂျပန်တို့အတွက်ပါ ခွဲတမ်းအသစ်များကိုတိုးချဲ့ခဲ့သည်။
ထရမ့်ပ်သည် ကနေဒါနှင့်မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန် ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်ရန်အမိန့်ကို ဖေဖော်ဝါရီ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ရာ ကန့်ကွက်မှုများနှင့်ချက်ချင်းလက်တုံ့ပြန်မှုများရှိလာခဲ့သည်။
ထို့ကြောင့် ထရမ့်ပ်က နောက်ပိုင်းတွင် စေ့စပ်ညှိနှိုင်းမှုပြုလုပ်နိုင်ရန်အတွက် မက္ကဆီကိုနှင့်ကနေဒါတို့အပေါ် စည်းကြပ်ခွန်များအား တစ်လတာရပ်ဆိုင်းပေးခဲ့သည်။
Source : ရှင်းဟွာ
