မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆ ရက်အထိကျင်းပလျက်ရှိသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေးထိပ်သီးအစည်းအဝေး-၂၀၂၆ တွင် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးကာလ၏ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတကာမှ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၊ ဂါနာနိုင်ငံ၊ Accra မြို့၊ Turkiye နိုင်ငံ၊ Ankara မြို့၊ Brazil နိုင်ငံ၊ Belo Horizonte မြို့၊ Curitiba မြို့၊ Fortaleza မြို့၊ Goiania မြို့၊ Montes Claros မြို့၊ Porto Alegre မြို့၊ Lebanese နိုင်ငံ၊ Beirut မြို့၊ Serbia နိုင်ငံ၊ Belgrade မြို့၊ Sri Lanka နိုင်ငံ၊ Colombo မြို့၊ Tanzania နိုင်ငံ၊ Dar es Salaam မြို့၊ Nicaragua နိုင်ငံ၊ Managua မြို့၊ Uruguay နိုင်ငံ၊ Montevideo မြို့၊ Ecuador နိုင်ငံ၊ Quito မြို့၊ ရုရှားနိုင်ငံ၊ Vladivostok မြို့တို့ပါဝင်ကြောင်း သိရသည်။
နေပြည်တော်ကိုကိုယ်စားပြု၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်ဦးကံမြင့်သန်း၊ ရန်ကုန်တိုင်းကို ကိုယ်စားပြု၍၊ ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့အစိုးရ၊ ဒုတိယမြို့တော်ဝန်၊ မော်စကိုအစိုးရ၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲ မစ္စတာမက်စင်မ် လစ်ကဆူတော့တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို မြို့ပြမိတ်ဖက်များကြား သယ်ယူပို့ဆောင်ရေးစနစ်ခေတ်မီဆန်းသစ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများတွင် အဆင့်မြင့်ကျွမ်းကျင်မှုများကို အပြန်အလှန်မျှဝေရန်၊ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်ကောင်းမွန်စေရန်နှင့် လူနေမှုဘဝအရည်အသွေးကိုမြှင့်တင်ရန်အတွက်ပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာများကို ဖော်ဆောင်ပေးရန်ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
