အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ့ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ အမေရိကန် ရေတပ်စစ်သည်တွေကို Soi 6၊ Soi 6/1 နဲ့ Soi 7 လမ်းတွေထဲ ဝင်ခွင့်မပြုပဲ ပတ္တယား အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။
ဒီခရီးစဉ်မှာ အမေရိကန် ရေတပ်စစ်သည် ၅,၀၀၀ ကျော် လာရောက်ဖို့ရှိပြီး၊ ၃,၀၀၀ လောက်ကတော့ ပတ္တယား ဘက်ကို လာပြီး ညအိပ်တည်းခိုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒါ့အပြင် အမေရိကန် စစ်သည်တွေကို ဆေးခြောက်ဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ ရေပြင်အားကစား/အပန်းဖြေတာတွေကိုလည်း သွားရောက်ခွင့် ပိတ်ပင်ထားပါတယ်။ Walking Street ကိုတော့ သွားလို့ရပေမဲ့ မနက်အစော ၂ နာရီမှာ အပြီးထွက်ပေးရမှာပါ။
အာဏာပိုင်တွေက ဆိုင်ပိုင်ရှင်တွေကိုလည်း ဈေးနှုန်းတွေကို မတန်တဆ မတောင်းဘဲ တရားမျှတစွာ ယူကြဖို့နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ မရှိရအောင် တင်းတင်းကြပ်ကြပ် တားဆီးကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။
