ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌အခွန် ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီးအ ခွန်ရှောင်တိမ်းမှုများသည် တရားသဖြင့် အခွန်ပေးဆောင်နေသည့် လုပ်ငန်းရှင်များကို နစ်နာစေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကိုလည်း နှောင့်နှေးစေကြောင်း ဧရာဝတီတိုင်းဝန် ကြီးချုပ်က ပြောကြားခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က အခွန်ဆိုသည်မှာ ပြည်သူ့ထံက ရသည့်အင်အားကို ပြည်သူ့ဆီ ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပြီး အခွန်ရှောင်တိမ်းမှုများသည် တရားသဖြင့် အခွန်ပေးဆောင်နေသည့် လုပ်ငန်းရှင်များကို နစ်နာစေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကိုလည်း နှောင့်နှေးစေတယ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အခွန်လွတ်ကင်း ရှောင်တိမ်းမှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ အခွန်ပညာပေး ရှင်းလင်းပွဲအစီအစဉ်များကို ပြုလုပ်နေရခြင်း ဖြစ်ကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် မိမိတို့၏ မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ပညာရေး၊ ကျန်းမာရေးနှင့် ခိုင်ခံသည့်အခြေခံအဆောက်အဦများကို အတူတကွတည်ဆောက်နေခြင်းဖြစ်ပြီး အများပြည်သူ ပေးဆောင်လိုက်သည့် အခွန်ငွေများသည်လည်း အခွန်ဝေစုအဖြစ်ဖြင့် မိမိတို့တိုင်းဒေသကြီးဆီ ပြန်လည်စီးဆင်းဝင်ရောက်လာမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများအနေဖြင့်လည်း အများပြည်သူ၊ လုပ်ငန်းရှင်အခွန်ထမ်းများကို နွေးထွေးပျူငှာစွာ ကူညီဆောင်ရွက်ပေးကြရန်လိုပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရှိကြသည့် ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့် မိမိတို့အားလုံး စိတ်တူကိုယ်တူ တက်ညီလက်ညီနှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်ကို ပူးပေါင်းမြှင့်တင် ဆောင်ရွက်ပေးသွားကြရန်လည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
