ထိုင်းနှင့် နယ်စပ်ပဋိပက္ခများအတွင်း နိုင်ငံ၏ စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် ပြီးခဲ့သည့်နှစ်က ထောင်ဒ-ဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်နှစ်ဦး၏ ပြစ်ဒ-ဏ်များကို ကမ္ဘောဒီးယားနိုင်ငံတရားရုံးချုပ်က အတည်ပြုခဲ့ကြောင်း တရားခံ ရှေ့နေရုံးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
သတင်းထောက်နှစ်ဦးဖြစ်သည့် ဖွန်းဆိုဖက်(၃၉ နှစ်) နှင့် ဖက်ဖီရာ(၄၁ နှစ်) တို့သည် ပြည်တွင်းသတင်းဌာန TSP 68 TV Online တွင် လုပ်ကိုင်ကြသူများဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဆီရမ်ရိပြည်နယ်တရားရုံးက ကမ္ဘောဒီးယား၏ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၅ အရ နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်စေသည့် သတင်းအချက်အလက်များအား ပြည်ပနိုင်ငံသို့ ပေးအပ်မှုဖြင့် သတင်းထောက်နှစ်ဦးစလုံးကို ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ပြီးခဲ့သည့်နှစ်က တိုက်ပွဲအချို့ဖြစ်ပွားခဲ့သော အော့ဒါ မင်ချေးပြည်နယ်တွင် ၎င်းတို့နှစ်ဦး သတင်းလိုက်ရာမှ ပြန်လာပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သီးခြားစီဖမ်းဆီးခံခဲ့ရသည်။
ပဋိပက္ခအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စစ်စခန်းများနှင့် မဟာဗျူဟာများကို ဖော်ထုတ်သည့် အကြောင်းအရာများကို ဖော်ပြခဲ့သည်ဟု ၎င်းတို့ကို စွပ်စွဲခဲ့သည်။
၎င်းတို့၏ ပြစ်ဒ-ဏ်များကို မတ်လတွင် Battambang အယူခံတရားရုံးက ထပ်မံအတည်ပြုခဲ့ပြီးနောက် တရားရုံးချုပ်တွင် နောက်ဆုံးအယူခံတက်ခဲ့ရခြင်းဖြစ်သည်။ ကြာသပတေးနေ့၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘုရင်မင်းမြတ်ကသာ ပယ်ဖျက်ပေးနိုင်သည့် အခြေအနေရှိတော့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတွင်းရှိ အဂတိလိုက်စားမှုနှင့် အွန်လိုင်းငွေလိမ်စင်တာများကို စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ဆုရသတင်းသမားတစ်ဦးအပါအဝင် သတင်းသမားများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအတွက် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
