အခက်အခဲကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ရန် သံအမတ်ကြီးမှာကြား
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများသည် ဇွန် ၁၆ ရက်နှင့် ဇွန် ၂၄ ရက်တို့တွင် ကိုရီးယားနိုင်ငံသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့် အလုပ်သမားများအနက် ဇွန် ၁၆ ရက်တွင် ကုန်ထုတ်လုပ်သား (၂၂)ဦးနှင့် ဆောက်လုပ်ရေးလုပ်သား (၆၁)ဦး၊ ဇွန် ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၄၅)ဦးတို့သည် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများအား မြန်မာသံရုံး(ဆိုးလ်မြို့)မှ အလုပ်သမားသံအရာရှိက လေဆိပ်တွင် ကြိုဆိုခဲ့ပြီး ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်စဉ် သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းမှာကြားကာ လိုအပ်သည့် အကူအညီများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်က Video Call မှတစ်ဆင့် အလုပ်သမားများအား ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် လုပ်ငန်းခွင်လုံခြုံရေးကို အထူးဂရုပြုရန်၊ မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် အလုပ်အကိုင်၊ နေထိုင်မှု သို့မဟုတ် အခြားအခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်၍ အကူအညီရယူဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
