ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
မြစ်ကျိုးအင်း သဲကြောမှ ရေစိမ့်ထွက်မှုကို ထိန်းချုပ်ပြီး ရေစီးအား လျှော့ချနိုင်ရန်အတွက် သဲအပြည့်ဖြည့်ထားသည့် Geo Bag အိတ်ကြီးများကို ရေယာဉ်များ၊ သဲစုပ်သင်္ဘောများနှင့် စက်ယန္တရားများ အသုံးပြု၍ ရေအောက်အထိ စနစ်တကျ ဖိသိပ်ချပေးလျက်ရှိသည်။ ထို့ပြင် နိမ့်ဆင်းသွားသည့် တာအစိတ်အပိုင်းများကို သဲအိတ်များဖြင့် အဆင့်ဆင့် ထပ်မံဖုံးအုပ်ကာ အောက်ခံအုတ်မြစ် ခိုင်ခံ့အောင် ပြန်လည်ပြုပြင်နေခြင်း ဖြစ်သည်။
ဒေသခံပြည်သူများ၏ အိုးအိမ်များနှင့် စိုက်ပျိုးမြေများအတွင်းသို့ ရေထပ်မံစိမ့်ဝင်မှု မရှိစေရန်အတွက် တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများနှင့် အလုပ်သမားများသည် ရေယာဉ်၊ စက်ယန္တရားများဖြင့် အလှည့်ကျစနစ်ကျင့်သုံးကာ ၂၄ နာရီပတ်လုံး အရှိန်အဟုန်မြှင့် အရေးပေါ် တာပြန်ပိတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟုလည်း သိရသည်။
