မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီချက်အရ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း တန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝနှင့် မွေးမြူရေး ရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တင်ပို့နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရေထွက်ကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၆၉,၆၇၄.၆၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၄.၅၄၄ သန်း တင်ပို့နိုင်ခဲ့သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဧပြီ လမှ ဇူလိုင်လအထိ တန်ချိန် ၂၁,၀၂၁.၈၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇.၅၅၉ သန်းဖိုး တင်ပို့ထားပြီးဖြစ်သည်။
လက်ရှိတွင် GACC နည်းလမ်းအရ အထူးခွင့်ပြုချက်ရရှိထားသည့် စက်ရုံ၊ အလုပ်ရုံများနှင့် မွေးမြူရေးကန်များမှာ ရေထွက်ကုန် စက်ရုံ ၈၉ ရုံ၊ အရှင်သိုလှောင်ရုံ (Warehouse) ၂၉ ရုံ၊ ငါးမှုန့်စက်ရုံ ၇ ရုံ၊ မွေးမြူရေးကန် – ၄ ကန် တို့ ဖြစ်ကြသည်။
ထို့ပြင် သဘာဝအတိုင်း ဖမ်းဆီးရမိသည့် ရေချို/ရေငန် ငါး၊ ပုစွန်၊ ဂဏန်းများ၊ ငါးမှုန့်နှင့် အစာများကို အရှင်တင်ပို့ခြင်း၊ ရေခဲရိုက်တင်ပို့ခြင်း၊ အေးခဲ ပုံစံဖြင့် တင်ပို့ခြင်း၊ ပုစွန်ခြောက် အစရှိသည့် အခြောက်ပြုလုပ် တင်ပို့ခြင်းနှင့် ပြုတ်ပြီး တင်ပို့ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် တင်ပို့လျက်ရှိသည်။
အဆိုပါ ရေထွက်ကုန်များကို ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလိုင်းများမှတစ်ဆင့် တရုတ်နိုင်ငံရှိ ကွမ်ကျိုး၊ နန်နင်း၊ ယူနန်၊ ကွမ်မင်း၊ ချုံချင့်၊ ရှန်တူး၊ ဇန်ကန်၊ ကွမ်တောင်း၊ မာရိုမာ၊ ရှန်ဟိုင်း၊ နန်ချားနှင့် ရီယန်ကျင်း စသည့် မြို့ကြီးများသို့ အဓိက တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသိန်း၏ ပြောကြားချက်အရ သိရသည်။
