ရန်ကုန်၊ သြဂုတ်-၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အားကစားခန်းမ ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့သည်။
ထို့ပြင် မြသီတာအားကစားခန်းမ တည်ဆောက်ရေးတာဝန်ယူခဲ့သည့် Golden Gate Global Myanmar Pte.,Ltd က အားကစားနှင့်ကာယပညာဦးစီးဌာနထံ တည်ဆောက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
