မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေး က ပြောသည်။
ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံ နက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် မြန်မာ-တရုတ်နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတော်ပူးပေါင်းဆောင်ရွက်မှုများမှရရှိလာမည့် အပြန်အလှန်အကျိုးကျေးဇူးများကိုအသိအမှတ်ပြုပြီး နိုင်ငံ၏ သဘာဝအခြေခံထင်ရှားမှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြည့်စုံမှုကို ကာကွယ်စောင့်ရှောက်ရန်ကြိုးပမ်းအားထုတ်မှုများဆက်လက်အားကောင်းစေရေးအတွက် နိုင်ငံတကာ၏ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလှိုက်လှဲစွာကြိုဆိုသည်ဟု ပြောကြားသည်။
ထို့ပြင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များထိရောက်အောင်မြင်ရန် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းသည် အဓိကကျပြီး အထောက်အကူပေးသည့် အခန်းကဏ္ဍတွင်ပါဝင်သည်ဟု ပြောသည်။
“နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ မြန်မာနိုင်ငံမှာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစိမ်းရောင်စီးပွားရေးဆိုင်ရာမူဝါဒတွေ မူဘောင်တွေနဲ့ မဟာဗျူဟာတွေကိုအကောင်အထည်ဖော်ဖို့ အထူးအလေးပေးဆောင်ရွက်နေပါတယ်”ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ပြောသည်။
၎င်းကိုကျယ်ပြန့်သော ကဏ္ဍစုံချဥ်းကပ်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ပြီး မြန်မာနိုင်ငံအနေဖြင့် သဘာဝအခြေခံသော ချဥ်းကပ်မှုများဖြင့် မူဝါဒများတွင် ဟိမဝန္တာဒေသတစ်လျှောက် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းများကို ဖြေရှင်းပေးနိုင်သည့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း ပြန်လည်ထူထောင်ခြင်းနှင့် ရေရှည်တည်တံ့စွာအသုံးပြုခြင်းတို့နှင့် အရေးကြီးတုန့်ပြန်မှုများတိုးမြှင့်ရန် ပြည်သူအားလုံးပါဝင်ပြီးထိရောက်သော လက်တွေ့လုပ်ဆောင်ချက်များဆီသို့ ကူးပြောင်းဖော်ဆောင်ကြရမည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားခဲ့သည်။
