မကွေး၊ ဇူလိုင်-၁၇
မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က သွားရောက်စစ်ဆေးစဉ် ၎င်းစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
လက်ရှိတွင် Site Cleaning ပြုလုပ်ခြင်း၊ မြေကွက်ရိုက်ခြင်းနှင့် လမ်းအူကြောင်းဖော် မြေသားတာဘောင်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်အချို့လည်း ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
မကွေးစက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်းဘေး (မိုင်တိုင် ၃၂၅) တွင် တည်ရှိပြီး၊ စက်မှုဇုန်မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့်အကွာတွင် ဧရာဝတီမြစ် တည်ရှိသည်။
ထို့ကြောင့် အနာဂတ်တွင် ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အသုံးချကာ စက်မှုဇုန်၏ ထုတ်ကုန်များနှင့် ကုန်ကြမ်းများကို သက်သာသော ကုန်ကျစရိတ်ဖြင့် သယ်ယူပို့ဆောင်နိုင်မည့် ဆိပ်ကမ်းငယ်တစ်ခု ဖော်ဆောင်ရန် အလားအလာကောင်းများ ရှိနေခြင်း ဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေးမူဘောင်များနှင့်အညီ စနစ်တကျ တည်ထောင်နေသည့် ဤစက်မှုဇုန်သည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာ ဥပဒေ၊ စံချိန်စံညွှန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားထားသည်။
