မြန်မာနေရှင်နယ်လိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကို ဦးဆောင်ရန်အတွက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်သူ ဂျူအန် မာဆယ်လိုစီရီလီ (Juan Mar celo Cirelli)ကို နည်းပြချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နည်းပြသစ် မာဆယ်လိုစီရီလီသည် မြန်မာဘောလုံးလောကနှင့် ရင်းနှီးသူတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင် ဇေယျာရွှေမြေအသင်း၌ လာရောက်ကစားကာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်သည်။
၎င်းသည် အာဂျင်တီးနား၊ မလေးရှားနှင့် အင်ဒိုနီးရှားလိဂ်များတွင်လည်း ကျင်လည်ခဲ့သည့် နိုင်ငံတကာအတွေ့အကြုံရင့် ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်သည်။
နည်းပြဘဝ ဖြတ်သန်းမှုအရ အာဂျင်တီးနား U-15 လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် အာဂျင်တီးနားကလပ်များ၊ အင်ဒိုနီးရှားကလပ်များ၊ အီကွေဒေါနှင့် ဘိုလစ်ဗီယားကလပ်များတွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသူဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အာရှနှင့် ပြည်တွင်းပြိုင်ပွဲများတွင် အောင်မြင်မှုများ ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားပြီး၊ ယခု နည်းပြသစ်၏ အတွေ့အကြုံများဖြင့် အသင်းကို အကောင်းဆုံးပုံဖော်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
လာမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် မာဆယ်လိုစီရီလီ၏ လက်အောက်၌ ရန်ကုန်ယူနိုက်တက်တို့ မည်သို့ပြောင်းလဲလာမည်ကို ပရိသတ်များက စောင့်ကြည့်ရတော့မည်ဖြစ်သည်။
