ရန်ကုန်မြို့စည်ပင်နယ်နမိတ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီဖြည့်တင်းမှုများ အရေးပေါ်လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီလိုအပ်ချက် လျော့ကျလာပြီး ဆီပြတ်လပ်မှုကို အထိုက်အလျောက် ပြေလည်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အရောင်းဆိုင်အချို့တွင် ဆီဖြည့်တင်းရန် ထွက်ခွာလာသည့် ဆီသယ်ယာဉ် မရောက်မီ ကာလအတွင်း ခေတ္တ အရောင်းရပ်ဆိုင်းထားရသည့် အခြေအနေမျိုးများ ရှိနေသော်လည်း အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေဟု စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားထားသည်။
လက်ရှိမှာ သီလဝါဆိပ်ကမ်း၌ ဆီတင်သင်္ဘော ၆ စီး ဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် (၂၄,၃၁၉) ကျော်၊ ဒီဇယ်ဆီတန်ချိန် (၅၃,၃၁၅) ကျော်ကို သက်ဆိုင်ရာသိုလှောင်ကန်တွေဆီကို ချယူနေပြီဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ပင်လယ်ဝ၌ အသင့်ရောက်ရှိနေသည့် ဓါတ်ဆီတန်ချိန် (၆၇,၇၃၇) ကျော်၊ ဒီဇယ်ဆီတန်ချိန် (၆၅,၃၅၉) ကျော် သယ်ဆောင်လာသည့် သင်္ဘော ၉ စီးလည်း သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ရန် အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
“နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇ စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးလည်းဖြစ်ပါတယ်”ဟု ဦးသန်းဇော်က ဆိုသည်။

