မေလ ၁၇ ရက်
စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏ မှတ်တမ်းဗီဒီယိုဖိုင်ကို ရရှိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က စနေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူသည် ဟော်မုဇ်ရေလက်ကြားနှင့် ဆက်စပ်နေသည့် ရန်ပုံငွေဆိုင်ရာ အကူအညီပေးရေး ခေါင်းစဉ်ဖြင့် စင်ကာပူဒေါ်လာ ၄.၉ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအဖွဲ့အတွင်းဝန်အဖြစ် အယောင်ဆောင်ကာ အစောပိုင်းတွင် WhatsApp မှတစ်ဆင့် မက်ဆေ့ခ်ျပို့၍ ဝန်ကြီးချုပ် လောရင့်ဝေါင်းနှင့် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားလေ့ရှိသည်။ ထို့နောက် ၎င်းတို့သည် Deepfake ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ ဖန်တီးထားသည့် Zoom ဗီဒီယိုကွန်ဖရင့်တစ်ခုသို့ ဖိတ်ခေါ်ပြီး၊ ယင်းဗီဒီယိုထဲတွင် ဝန်ကြီးချုပ်ဝေါင်းအပြင် အခြားသော ပြည်တွင်း/ပြည်ပမှ အစိုးရအရာရှိကြီးများ ပါဝင်နေသည့်ပုံစံမျိုး လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ရရှိထားသော ဗီဒီယိုမှတ်တမ်းအရ ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးထားသော အဆိုပါ Zoom ဗီဒီယိုကွန်ဖရင့်တွင် ဝန်ကြီးချုပ် လောရင့်ဝေါင်း၊ သမ္မတ သာမန် ရှမ်းမူဂရတ်နမ်၊ ဝန်ကြီး အင်ဒရာနီ ရာဂျာနှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) မှ ကိုယ်စားလှယ်များ ပါဝင်နေသည့်ပုံစံ ပြုလုပ်ထားကြောင်း တွေ့ရသည်။
ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သမ္မတ၏ အဆင့်မြင့် သံတမန်ရေးရာအကြံပေးပုဂ္ဂိုလ် စသည့် နိုင်ငံခြားအစိုးရအရာရှိကြီးများအပြင် BlackRock နှင့် ဒူဘိုင်းနိုင်ငံတကာဘဏ္ဍာရေးဗဟိုဌာန (DIFC) ကဲ့သို့သော ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများပါ ပါဝင်တက်ရောက်နေသည့်ပုံစံမျိုး လုပ်ကြံဖန်တီးထားကြောင်း သိရသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
