ရန်ကုန်၊ မေ ၁၈
မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော မြေငလျင်များ (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း ကမ္ဘာ့ငလျင်တိုင်းထွာချက်မှတ်တမ်းများအရ သိရသည်။
ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အပြင်းထန်ဆုံးအဖြစ် ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က သန်လျင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ၃၆ ကီလိုမီတာခန့်အကွာ (ကျောက်တန်းမြို့အနီး ပင်လယ်ပြင်) ကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာကို စတင်လှုပ်ခတ်ခဲ့သည်။ အဆိုပါငလျင်ကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုတွင် သိသိသာသာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ပြည်သူများ အလန့်တကြား ဖြစ်ခဲ့ကြရသည်။
၎င်းနောက်ပိုင်းတွင် နောက်ဆက်တွဲငလျင်များနှင့် အခြားဒေသ ငလျင်လှုပ်ခတ်မှုများအဖြစ် –
ဒုတိယအကြိမ်
နံနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် မြန်မာ့တောင်ဘက်ကမ်းရိုးတန်းအနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၂ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။
တတိယအကြိမ်
နံနက် ၁၁ နာရီ ၆ မိနစ်ခန့်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်းကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၂.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
စတုတ္ထအကြိမ်
မွန်းတည့် ၁၂ နာရီ ၃၁ မိနစ်ခန့်တွင် မုံရွာမြို့၏ အနောက်ဘက် ၆၀ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၉၇ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၉ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ယနေ့လှုပ်ခတ်သွားသော ဖြစ်စဉ်များအနက် ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သည့် သန်လျင်-ကျောက်တန်းဗဟိုပြု ငလျင်ကြောင့် အထပ်မြင့်အဆောက်အအုံပေါ်တွင် နေထိုင်သူများနှင့် လမ်းပေါ်ရှိ ပြည်သူများပါ မြေပြင်လှုပ်ခတ်မှုကို အထင်အရှား ခံစားခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ငလျင်အကြိမ်ကြိမ် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ သက်ဆိုင်ရာက ဆက်လက်အတည်ပြုလျက်ရှိသည်။
ပုံစာ – မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြခဲသည့် “ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်”ကို ပြန်လည်ဖော်ပြပါသည်။
