ရခိုင်ပြည်နယ်အတွင်း ယနေ့ နိုဝင်ဘာ (၁၃) ရက် နံနက်မှ စတင်ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး လမ်းကြောင်းများအား ပိတ်ထားသည့်အတွက် အမ်းမြို့အနီးတဝိုက်တွင် ကုန်ကားများ ပိတ်မိနေကြောင်း ရခိုင်ပြည်နယ်၊ကုန်သည်ကြီးများအသင်းမှ သိရသည်။
” စစ်တွေသွားတဲ့လမ်းနဲ့ မောင်တောသွားတဲ့လမ်းတွေကို ပိတ်လိုက်တော့ အမ်းမြို့အကျော်ကားတွေက ပိတ်မိနေတာပေါ့။ ပြည်တွင်းစားသုံးဖို့အတွက် တင်သွင်းလာတဲ့ကားတွေရော ၊ ဟိုဘက်ကို ပို့တဲ့ကားတွေရောက အကုန်ပိတ်ကုန်တာ။ တချို့က အမ်းမြို့ကနေ ပြန်လှည့်ပြန်တာတွေရှိတယ်။ မြို့ကျော်နေရင်တော့ မရဘူးပေါ့”ဟု ရခိုင်ပြည်နယ်၊ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ပိတ်မိနေသည့် ကုန်ကားများတွင် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများအများဆုံးပါဝင်ကြောင်းလည်း သိရသည်။
ယနေ့နံနက်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ( မယူကမ်း)ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် နေ့လယ်ပိုင်းမှစတင်ကာ မင်းပြား၊ မြောက်ဦး ၊ အပါအဝင် မြို့နယ်အချို့တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့ကတော့ ပုံမှန်အတိုင်း ရှိနေပြီး မြို့ဝင်ထွက်ဂိတ်အချို့ကို ပိတ်ထားကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။
ယနေ့ စတင်သည့် တိုက်ပွဲများဖြစ်ပွားကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေလမ်း၊ ကုန်းလမ်းကြောင်းများကို ယာယီပိတ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ရွာလုံးကျွတ် စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများ ရှိနေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များနှင့် ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ဓာတ်ပုံ – အမ်းတောင်ကြားလမ်းအား မြင်တွေ့ရစဉ် (အင်တာနက်)
