စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယမန်နှစ်က ပြိုင်ပွဲတွင်လည်း ပီအက်စ်ဂျီအသင်းအနိုင်ရခဲ့ပြီးနောက် မငြိမ်သက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုပွဲစဉ်အတွက် ပါရီတွင် ရဲ ၈,၀၀၀ အပါအဝင် ပြင်သစ်နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ခန့်ကို ချထားခဲ့သည်။ နှောင့်ယှက်ဖျ-က်ဆီးမှုများကို လျှော့ချရန်အတွက် ပါရီမြို့ရှိ ဓာတ်ရထားလိုင်းများကို ရပ်ဆိုင်ထားကာ မြေအောက်ရထားဘူတာရုံများစွာကို ပိတ်ထားခဲ့ပြီး ဘတ်စ်ကားအသွားအလာများကိုလည်း ရပ်ဆိုင်းထားခဲ့သည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လူ ၄၁၆ ဦးကို ထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် ပါရီတွင် ထိန်းသိမ်းခံရသူ ၂၈၃ ဦး ပါဝင်သည်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် လူမည်မျှ ဆက်လက်ချုပ်နှောင်ထားသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။
ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်းနှင့် ဆူပူမငြိမ်သက်မှုများသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြည်ထဲရေးဝန်ကြီး လောရင့်နူနေးက ပြောကြားခဲ့သည်။
ဖြစ်စဉ်အတွင်း မော်တော်ယာဉ် ခြောက်စီးနှင့် စီးပွားရေးလုပ်ငန်းနှစ်ခု ပျ-က်စီးခဲ့သည်။
ပရိသတ်အုပ်စုတစ်ခုသည် ပါရီမြို့ပတ်လမ်းအနီးအနားရှိ လမ်းမကြီးကိုလည်း ဝင်ရောက်သောင်းကျန်းခဲ့ကြပြီး ယာဉ်ကြောပိတ်ဆို့မှု ခဏတာဖြစ်ခဲ့ကြောင်းနှင့် မီးရှုးမီးပန်းပစ်လွှတ်မှုများလုပ်ခဲ့ကြောင်း အေအက်ဖ်ပီဓာတ်ပုံဆရာတစ်ဦးက ပြောကြားခဲ့သည်။
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့် အောင်ပွဲခံနေစဉ် ပရိသတ် ၂၀,၀၀၀ ခန့်သည် ပါရီမြို့၏ အထင်ကရ ရွှမ်ဇေလီဇေ လမ်းမပေါ်တွင် စုဝေးခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်
