နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။
မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။
တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်နိုင်ပြီး မှတ်ပုံတင်သာရှိ၍ လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၂ နှစ်အထိ အရေးယူနိုင်ကြောင်း ဆိုသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူ သုံးစွဲနိုင်ရန် စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထုတ်လုပ်ခွင့်လိုင်စင်နှင့် မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ အခြားဆေးဝါးများ၏ မှတ်ပုံတင်နံပါတ် (TMR) ကို မမှန်မကန် အသုံးပြုထားသော ဆေးဝါးများ၊ အနောက်တိုင်းဆေးပစ္စည်းများ ပါဝင်နေသော ဆေးဝါးများနှင့် မိုင်ခရိုဘီယာ အညစ်အကြေး ပါဝင်မှုရှိသော ဆေးဝါးများကို ဈေးကွက်တွင် တွေ့ရှိပါက သုံးစွဲရန် မသင့်လျော်ကြောင်း ကြေညာကာ တရားစွဲဆို အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
