နေပြည်တော်၊ ဩဂုတ်-၆
မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏ ရှေ့မျက်နှာစာအား Light Weight Block အုတ်စီခြင်း၊ ပင်မအတက်အဆင်း လှေကားအသစ် တည်ဆောက်ခြင်း၊ အမိုးသွပ်များ လဲလှယ်ခြင်း၊ မြေညီထပ်နှင့် ပထမထပ်များ ပြင်ဆင်ခြင်း၊ Basement ကြမ်းခင်း မြှင့်တင်ခြင်းအပြင် Vault အခန်းများနှင့် ပြတိုက်အဝင်မုခ်ဦးတို့ကို မွမ်းမံပြင်ဆင်ခြင်းများ ပါဝင်သည်။
ထိုသို့ဆောင်ရွက်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ်အတွင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးနှင့် ဒီဇိုင်းအင်ဂျင်နီယာများက ဦးစားပေးအဆင့်လိုက် တည်ဆောက်ပြီးစီးနိုင်မှုနှင့် ပြခန်းများ နေရာချထားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် တည်ဆောက်ရေး စံချိန်စံညွှန်းများအတိုင်း ကိုက်ညီမှုရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
