Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း မြန်မာအစိုးရ၏ မူဝါဒများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုအတွင်း နှစ်ဖက်တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ကောင်စစ်ဝန်ချုပ်ရုံးနှင့် ချုံချင့်မြူနီစီပယ်အစိုးရတို့အကြား လက်တွေ့ကျသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ပညာသင်ဆုအစီအစဉ်များ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် Chongqing နှင့် မြန်မာနိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
