ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ် တိုးချဲ့ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။
ယမန်နေ့က Naypyidaw ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်ခြင်းသည် ရုံးလုပ်ငန်းများတွင် မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်များကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ထို့ပြင် အမှုလိုက်ဥပဒေအရာရှိများနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာအသုံးပြု၍ ပိုမိုမြန်ဆန်ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း (Pre-Trial Interview – PTI) များ ဆောင်ရွက်နိုင်ရေးအတွက် စံနမူနာပြု စမ်းသပ်ဖော်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။
ယခင်ကလည်း စံနမူနာ ရှေ့ပြေးဥပဒေရုံးများအဖြစ် ခရိုင်ဥပဒေရုံး ၂၁ ရုံးနှင့် မြို့နယ်ဥပဒေရုံး ခုနစ်ရုံးတို့ကို သတ်မှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ယခုအခါ Naypyidaw ရှိ မြို့နယ်ဥပဒေရုံး လေးရုံးကို ထပ်မံတိုးချဲ့ အကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်း သိရသည်။
