လာအိုနိုင်ငံတွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်အရာရှိများအား သီးသန့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ ပညာသင်တပ်မတော်အရာရှိများအား တွေ့ဆုံနှုတ်ဆက်ကာ ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် ပညာသင်ကြားရေးဆိုင်ရာ အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့သည်။
