မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောကြားကြကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်း၊ ဦးမင်းအောင်လှိုင် အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဆီ ဒုတိယအကြိမ်မြောက် သွားတဲ့ ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင် မဟာမိတ်နိုင်ငံတစ်ခုဆီ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ဒီလအစောပိုင်းတုန်းက လာအိုနိုင်ငံကို သွားခဲ့ပါသေးတယ်။
သတင်းရင်းမြစ်တွေဘက်ကတော့ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် အသေးစိတ် အစီအစဉ်ကို တိတိကျကျ ထုတ်မပြောသေးပါဘူးလို့ Bangkok Post သတင်းစာက ဆိုထားပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာနိုင်ငံ ပြန်ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းပေးနေတဲ့ အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
