အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် မြန်မာနိုင်ငံ ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌လည်း မိုးဆက် တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေနှင့် ချောင်းရေများ မြင့်တက်လာကာ ရေကြီးနိုင်သည့် အန္တရာယ်ဇုန်သို့ ရောက်ရှိလာနေကြောင်း ယနေ့ ဇူလိုင် ၁၃ ရက်တွင် တိုင်းဒေသကြီးအစိုးရက
အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာက မိဘပြည်သူများ၊ လယ် သမားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ထုတ်ပြန်သည့် နေ့စဉ်မိုးလေ ဝသနှင့် မြစ်ရေခန့်မှန်းချက်များကို အမြဲစောင့်ကြည့်ကြရန် တိုက်တွန်းထား သည်။
ထို့ပြင် ရေနစ်မြုပ်နိုင်ခြေရှိသည့် အနိမ့်ပိုင်းဒေသများမှ လယ်ယာသုံးပစ္စည်းများ၊ မျိုးစေ့များနှင့် အဖိုးတန်ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ ပြောင်းထားရန်၊ သန့်ရှင်းသောသောက်သုံးရေ၊ ရိက္ခာခြောက်နှင့် အရေးပေါ်ဆေးဝါးများကို ကြိုတင်စုဆောင်းထားရန်လည်း အကြံပြုထားသည်။
ထို့အပြင် ရေဝင်ရောက်နိုင်သည့် နေရာများရှိ လျှပ်စစ်မိန်းခလုတ်များနှင့် ဝါယာကြိုးများကို ကြိုတင်စစ်ဆေးပြီး လိုအပ်ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရန် သတိပေးထားကာ မိုးအဆက် မပြတ်ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြု၍ ကြိုတင်ပြင်ဆင်ထားကြရန် အများပြည်သူအား နှိုးဆော်ထားသည်။
