(၈) လကျော်ကြာ ပိတ်ထားသည့် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ မေလ (၂၈) နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ နံနက် (၇) နာရီဝန်းကျင်က အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ပြီး တံတားကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အန္တရာယ်ကင်းလေးရွတ်ပြီး ဖွင့်လိုက်တယ်ပေါ့။ ကားတွေကိုတော့ပေးဖြတ်ပါတယ်။ အိမ်စီးကားတော့မပါဘူး။ နဂိုက တည်းက သူက ကုန်သက်သက်ပဲ။ ပို့ကုန်သွင်းကုန်လိုင်စင်ရှိရင်တော့ သွားလို့ရပြီ” မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်း နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ကုန်သွယ်တံတားဖြစ်သည့် မြဝတီ-မဲဆောက်မြဝတီ အမှတ်ချစ်ကြည်ရေးတံတား (၂) အား ၂၀၂၅ ခုနှ စ် သြဂုတ်လ (၁၈) ရက်က ကုန်သွယ်ယာဉ်များသွားလာခြင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ချစ်ကြည်ရေး တံတားအမှတ် (၂) မှ ကုန်တင်ယာဉ် သွားလာခြင်းရပ်ဆိုင်းလိုက်ပြီနောက် တရားဝင်နယ်စပ်ကုန်သွယ်ရေးလည်းရပ်ဆိုင်းခဲ့ပြီး တံတားပြန်ဖွင့်ပါက ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။
