ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှ အက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (EANET) အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလကတည်းက ပါဝင်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ရွာသွန်းသော မိုးရေထဲတွင် အက်စစ်ဓာတ် ပါဝင်မှု ရှိ၊ မရှိကို လစဉ်မပျက် တိုင်းတာစစ်ဆေးလျက်ရှိသည်။
ယခု ၂၀၂၆ ခုနှစ်၊ မေလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းတာရေးစခန်း ၃၁ ခုမှ မိုးရေနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တိုင်းတာရရှိသည့် စခန်းအားလုံးတွင် အက်စစ်ဓာတ် ပါဝင်မှု မရှိကြောင်း တွေ့ရှိရသည်။
မိုးရေ၏ pH တန်ဖိုးနှင့် ကျန်းမာရေးဆိုင်ရာ စံနှုန်းများ
သိပ္ပံနည်းကျ တိုင်းတာချက်များအရ မိုးရေ၏ pH တန်ဖိုးသည် ၅.၆ (5.6) အောက် ရောက်ရှိမှသာ အက်စစ်ဓာတ်ပါဝင်သော “အက်စစ်မိုး” (Acid Rain) ဟု သတ်မှတ်ခြင်း ဖြစ်သည်။ သို့သော် ယခု မေလအတွင်း တိုင်းတာရရှိသည့် စခန်း ၃၁ ခုလုံး၏ pH တန်ဖိုးများသည် သတ်မှတ်စံနှုန်းများအတွင်းဖြစ်သည့် ၆.၅ မှ ၇.၂ အတွင်း တည်ရှိနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာန စံနှုန်းအနေဖြင့် သောက်သုံးရေအတွက် သတ်မှတ်ထားသည့် pH ၆.၅ မှ ၈.၅ အတွင်း၌သာ ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် အခြေအနေတွင် ရှိနေသည်။
မြို့ကြီးအချို့၏ မိုးရေတိုင်းတာချက် ရလဒ်များ (နမူနာ)
တိုင်းတာခဲ့သည့် စခန်းများအနက် မြို့ကြီးအချို့၏ pH တန်ဖိုးများမှာ အောက်ပါအတိုင်း ဖြစ်သည် –
ရန်ကုန် (ကမ္ဘာအေး): ၆.၉
မန္တလေး (ချမ်းအေးသာစံ): ၆.၇
နေပြည်တော် (ပျဉ်းမနား): ၇.၁
တောင်ကြီး: ၇.၂
မော်လမြိုင်: ၇.၀
ယခုကဲ့သို့ စနစ်တကျ တိုင်းတာချက်များအရ မြန်မာနိုင်ငံအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု မရှိသေးဘဲ ပုံမှန်အခြေအနေတွင်သာ ရှိနေကြောင်း ပြည်သူများ သိရှိစေရန်အတွက် မိုး/ဇလမှ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
အက်ဆစ်မိုးဖြစ်ရသည့် အဓိကအကြောင်းအရင်း (၂) ချက် မှာ
၁။ လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် (အဓိကအကြောင်းအရင်း)
စက်ရုံအလုပ်ရုံများ
ကျောက်မီးသွေးနှင့်ရေနံကို အဓိကသုံးသည့်စက်ရုံကြီးများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အမြောက်အမြား ထွက်ရှိခြင်း။
မော်တော်ယာဉ် အိတ်ဇောငွေ့များ
ကား၊ ဆိုင်ကယ်နှင့် စက်ယန္တရားများမှ ထွက်သည့် အိတ်ဇောငွေ့တွင် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့များ မြင့်မားစွာ ပါဝင်ခြင်း။
အမှိုက်နှင့် ပလတ်စတစ်များ မီးရှို့ခြင်း
ဓာတုပစ္စည်းပါဝင်သောအမှိုက်များကို စနစ်တကျမဟုတ်ဘဲ မီးရှို့ရာမှ လေထုညစ်ညမ်းစေသည့် အဆိပ်ငွေ့များ ထွက်ရှိခြင်း။
၂။ သဘာဝအလျောက် ဖြစ်ပေါ်ခြင်း
မီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ကြောင့်လည်း လေထုထဲကို အက်ဆစ်ဓာတ်ငွေ့အချို့ သဘာဝအလျောက် ရောက်ရှိတတ်သည်။
မြန်မာနိုင်ငံတွင် လောလောဆယ်အက်ဆစ်မိုးအန္တရာယ် မရှိသေးသော်လည်း၊ ရေရှည်အတွက် သတိပြုသင့်သည်များမှာ မိုးဦးကျမိုးရေကို တိုက်ရိုက်မသုံးရန်၊စိုက်ပျိုးရေးနှင့် ငါးကန်များ သတိပြုရန်၊အဆောက်အအုံနှင့် အနုပညာလက်ရာများ ပျက်စီးခြင်းမဖြစ်အောင်သတိထားရန် တို့ဖြစ်သည်။
အက်ဆစ်မိုး မဖြစ်အောင် တစ်ဦးချင်းစီအနေဖြင့်ကား၊ ဆိုင်ကယ်များအား မလိုအပ်ဘဲ စက်နှိုးမထားခြင်း၊ အမှိုက်ကို စည်းကမ်းမဲ့ မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းတို့ဖြင့် လေထုကို သန့်စင်အောင် ဝိုင်းဝန်းကူညီရင်း ကြိုတင်တားဆီးနိုင်မည်။