တာချီလိတ်၊ စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံက အလိုရှိတရားခံပြေး ၃ ဦးကို မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တရားခံပြေး ၃ ဦးမှာ Mr. Boy Lueansiri၊ Ms. Kulapom Makvemal နှင့် Mrs. Chonlanat (ခ) Budsanee Insuwan တို့ဖြစ်သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အလိုရှိတရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၁ ရက်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ Mr. Boy Lueansiri နှင့် Ms. Kulapom Makvemal တို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဇူလိုင် ၁၇ ရက်တွင် ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ Mrs. Chonlanat (ခ) Budsanee Insuwan ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်သည့်အဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Pol. Maj. Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အလားတူ တာချီလိတ်မြို့နယ်အတွင်း အထောက်အထားမဲ့ ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံက မူးယစ်ပြစ်မှုဖြင့် အလိုရှိနေသူ Mr. Charong Montim၊ Mr. Veerarit Lekkul (ခ) Num နှင့် Mr. Arnon Janta (ခ) Oak တို့အပြင် အထောက်အထားမဲ့နေထိုင်သူ Mr. Piyapat Kongkuea နှင့် Ms. Nuchanat Suwannakon တို့ကိုလည်း ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ Mr. Veerarit Lekkul (ခ) Num မှာ ပြန်ပေးမှုဖြင့်လည်း အလိုရှိနေသူဖြစ်ကြောင်း သိရသည်။
ယင်းတို့ကို တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးမှူး Pol. Lt. Col. Oattarapong Chucheun ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများတွင် ပါဝင်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အလိုရှိတရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီး၍ လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
