မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ယနေ့ (ဇူလိုင် ၅ ရက်) မှ ဇူလိုင် ၁၂ ရက်အထိ မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၆/၂၀၂၆) အရ သိရသည်။
သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်ကြောင်းလည်း အသိပေးထားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများ အထူးသတိပြုကြရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းအသိပေးထားသည်။
