ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယင်း ဖြစ်စဥ်နှစ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားကြောင်း သိရသည်၊
ထို့ပြင် မိုးလေဝသဖြစ်စဥ်နှစ်ရပ်ကြောင့် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းမှ ဇူလိုင် ၂၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
