ရန်ကုန်၊ ဇူလိုင်-၁၈
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ဖိတ်ကြားချက်ဖြင့် ကျင်းပမည့် အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ Official Training Session နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံ Thai Nguyen Stadium တွင် ပြုလုပ်ခဲ့သည်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင်နှင့် အသင်းခေါင်း ဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ထားမှုများအပြင် လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အသင်း၏ လေ့ကျင့်ပြင်ဆင်နေမှုများကိုပြောကြားခဲ့သည်။
နည်းပြချုပ် အန်ဒါဆင်က ဗီယက်နမ်နှင့် မြန်မာအသင်းတို့အကြား လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကွာဟမှုရှိနေသည်ကို သိရှိထားသော်လည်း ရရှိထားသည့် အချိန်တိုအတွင်း အသင်းကို အကောင်းဆုံးအနေအထားသို့ ရောက်ရှိစေရန် တတ်နိုင်သမျှ ကြိုးပမ်းပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အသင်းခေါင်းဆောင် နန္ဒကျော်ကလည်း ခြေစမ်းပွဲအတွက် ဖိတ်ကြားပေးခဲ့သည့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်နှင့် ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး ပွဲတွင်အသင်းဖော်များနှင့်အတူ အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ဗီယက်နမ်အသင်းနှင့်အတူ Thai Nguyen မြို့ရှိ Prime Hotel တွင် တည်းခိုလျက်ရှိပြီး လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် လေ့ကျင့်ပြင်ဆင်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။