တောင်ကြီး၊ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးမှ ကျောက်တုံးကြီးတစ်တုံး လိမ့်ကျလာပြီး သတ္တုတွင်းဦးစီးဌာနရုံးကို ဝင်ရောက်တို-က်မိရာ ရုံးအဆောက်အအုံနှင့် ရုံးသုံးပစ္စည်းများ ပျ-က်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းဦးစီးဌာနရုံးဝင်း၏ နောက်ကျောဘက် တောင်ကမ်းပါးပေါ်မှ ခန့်မှန်းအလျား ပေ ၆၀၊ အနံ ပေ ၂၀ နှင့် အမြင့် ၁၂ ပေရှိ ကျောက်တုံးကြီးသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားမတည်ငြိမ်ဖြစ်ကာ အောက်ဘက်သို့ လိမ့်ကျလာခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောက်တုံးကြီးသည် သတ္တုတွင်းဦးစီးဌာန၏ အုတ်ညှပ်တစ်ထပ်ရုံးအဆောက်အအုံကို ဝင်ရောက်တို-က်မိခဲ့သဖြင့် ရုံးအဆောက်အအုံ ပြိုကျပျ-က်စီးခဲ့သည့်အပြင် ရုံးအတွင်းရှိ ကွန်ပျူတာများနှင့် ရုံးသုံးပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် တောင်ကြီး-ဟိုပုံးသွားကားလမ်းတွင်လည်း လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပျ-က်စီးမှုအခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘူမိဗေဒပညာရှင်များနှင့်အတူ စက်တင်ဘာ ၂၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဝန်ထမ်းများနှင့် မိသားစုဝင်များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကျောက်တုံးကြီးပြိုကျခဲ့သည့်နေရာနှင့် မြေသားကြံ့ခိုင်မှုအားနည်းသည့် နေရာများကို ဘူမိဗေဒပညာရှင်များက မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးကာ တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များ အမြန်ဆုံးတင်ပြရန် ဒုတိယဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

