နေပြည်တော်၊ စက်တင်ဘာ ၂၁
လူငယ်ကျောင်းသားအားကစားသမားများ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးသွားရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးညီညီသည် စက်တင်ဘာ ၂၀ ရက်က မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပကာ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး စီမံဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။
အားကစားသမားများ စနစ်တကျ လေ့ကျင့်နိုင်ရေးအတွက် စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ထားသည့် အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့ကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သွားရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
