မိတ္ထီလာ၊ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲ၊ ဈေးဆိုင်တန်း အရောင်းဆိုင်များ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း နေရာချထားပေးသည့် ဖောင်တော်ဦးစေတီတော်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံစေတီအနီး၊ နန်းတော်ကုန်းရပ်ကွက်နှင့် မိတ္ထီလာမြောင်းကန် အနီးအနားများတွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများ အေးချမ်းပျော်ရွှင်စွာ လည်ပတ်သွားလာနိုင်ရေးအတွက် ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် လုံခြုံရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး စသည့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
ပွဲတော်ကာလအတွင်း သီရိမင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာခန်းမ၌ ‘အောင်ဇမ္ဗူ’ ဇာတ်သဘင်အဖွဲ့မှ လာရောက်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ အစဉ်အလာမပျက် ပါဝင်သည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကိုလည်း အကြီးတန်းနှင့် အငယ်တန်း ခွဲခြားကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ လှေပြိုင်ပွဲသို့ မိတ္ထီလာမြို့ပေါ် ရပ်ကွက်များနှင့် မိတ္ထီလာကန်အနီးရှိ လူခင်းကြီး၊ နွားသန့်တောင်၊ အင်းပတ်လည်၊ အုတ်နဲဘုတ် စသည့် ကျေးရွာများမှ ပြိုင်ပွဲဝင် လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
