ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ် ၄၂ သန်း အလွဲသုံးစားမှုအမှုတွင် ပြစ်မှုထင်ရှားစီရင်ခံခဲ့ရခြင်းဖြစ်သည်။
နာဂျစ်သည် အဆိုပါအမှုဖြင့် မူလက ထောင်ဒ-ဏ် ၁၂ နှစ်နှင့် ဒ-ဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က ထောင်ဒ-ဏ်ကို ခြောက်နှစ်သို့ လျှော့ချပေးခဲ့သည်။
ယခုအခါ မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင်က နာဂျစ်အား သတ်မှတ်ချက်များပါဝင်သည့် လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးအပ်ရန် သဘောတူခဲ့ပြီး ကျန်ရှိသည့် ပြစ်ဒ-ဏ်ကာလကို ၂၀၂၈ ခုနှစ် ဩဂုတ် ၂၃ ရက်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရရှိရန်အတွက် နာဂျစ်အနေဖြင့် ဒ-ဏ်ငွေ ရင်းဂစ် သန်း ၅၀ ပေးဆောင်ရမည့် သတ်မှတ်ချက်လည်း ပါဝင်ကြောင်း သိရသည်။
နာဂျစ်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်မှစ၍ ကာဂျန်းအကျဉ်းထောင်၌ ထောင်ဒ-ဏ်ကျခံနေခြင်းဖြစ်ပြီး ယခုဆုံးဖြတ်ချက်အရ ကျန်ရှိသည့် ပြစ်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ကျခံရမည်ဖြစ်သည်။
နာဂျစ်နှင့်ပတ်သက်သည့် 1MDB ဆိုင်ရာ အခြားအမှုများ၏ တရားစီရင်ရေးနှင့် အယူခံလုပ်ငန်းစဉ်များမှာမူ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
Ref: Reuters
