ဝါရှင်တန်၊ စက်တင်ဘာ ၁၉
အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်သွားရောက်ကြိုဆိုရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်နှင့် ထရမ့်တို့သည် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်ထားသည်။
အမေရိကန်သမ္မတတစ်ဦးက အလည်အပတ်ရောက်ရှိလာသည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုခြင်းမှာ ရှားပါးသည့် သံတမန်ရေးအစီအစဉ်တစ်ရပ်ဖြစ်သည်။
ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း အိမ်ဖြူတော်၌ တရားဝင်ကြိုဆိုပွဲ၊ Rose Garden ၌ စစ်ရေးဂုဏ်ပြုအစီအစဉ်နှင့် ညနေပိုင်းတွင် နိုင်ငံတော်ညစာစားပွဲတို့ ပြုလုပ်ရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိများက သတင်းထောက်များအား ပြောကြားထားသည်။
နိုင်ငံတော်ညစာစားပွဲသို့ အမေရိကန်နည်းပညာနှင့် စီးပွားရေးလောကမှ ထိပ်တန်းအမှုဆောင်များလည်း တက်ရောက်ရန် စီစဉ်ထားပြီး Amazon တည်ထောင်သူ Jeff Bezos၊ Alphabet CEO Sundar Pichai၊ OpenAI CEO Sam Altman၊ Apple CEO Tim Cook၊ Tesla CEO Elon Musk၊ Nvidia CEO Jensen Huang နှင့် Dell Technologies CEO Michael Dell တို့ ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။
အဆိုပါညစာစားပွဲသို့ တက်ရောက်လိုသူ အများအပြားရှိနေပြီး ၎င်းနှင့် ရင်းနှီးသည့် မိတ်ဆွေအချို့ကိုပင် နေရာအကန့်အသတ်ကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားထားရသည်ဟု သမ္မတထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်၏ အမေရိကန်ခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေး၊ ကမ္ဘာ့စီးပွားရေးနှင့် နည်းပညာလုပ်ငန်းများအတွက် အရေးပါသည့် မြေရှားသတ္တုများ ထောက်ပံ့ရေးနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာကိစ္စရပ်များအပါအဝင် အကြောင်းအရာအများအပြားကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရသည်။
Ref: Reuters/CNA
