မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် “လိုင်စင်ရ ပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်း” လိုင်စင်မရှိဘဲ ရောင်းချနေသည့် ဆိုင်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုးသတ်ဆေးများသည် အပင်များတွင် ကျရောက်သည့် ပိုးမွှားများကို သေစေရုံမျှမက ကိုင်တွယ်သုံးစွဲသူများကိုပါ အဆိပ်သင့်စေပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆိုးကျိုးများပြားသည့်အတွက် စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန် သင်တန်းတက်ရောက်ထားသူများကိုသာ ရောင်းချခွင့်ပြုခြင်းဖြစ်သည်။
“မန္တလေးတိုင်းအတွင်းမှာ ပိုးသတ်ဆေးဆိုင်ပေါင်း ၆၅၀ ကျော်ရှိပါတယ်။ ပိုးသတ်ဆေးတွေမှာပါတဲ့ AI လို့ခေါ်တဲ့ အဆိပ်သင့်ပစ္စည်းတွေဟာ စနစ်တကျ မသုံးစွဲရင် သုံးစွဲသူရော စားသုံးသူတွေပါ ကလီစာနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ ရေရှည်မှာ သက်တမ်းတိုတာ၊ နောက်မျိုးဆက်မှာ ဉာဏ်ရည်မမီတာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်တန်းဆင်းလိုင်စင် မရှိဘဲ ရောင်းချရင် ပိုးသတ်ဆေးဥပဒေ စီမံခန့်ခွဲမှု နည်းလမ်းတွေအတိုင်း အရောင်းဆိုင်ကို ယာယီ သို့မဟုတ် ထာဝရ ပိတ်သိမ်းတာ၊ ဆေးတွေကို သိမ်းဆည်း ဖျက်ဆီးတာတွေအထိ အရေးယူဆောင်ရွက်သွားမှာပါ” ဟု တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးလှမိုးကျော်က ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သုံးစွဲသူနှင့် စားသုံးသူများ အန္တရာယ်ကင်းဝေးစေရေး၊ ဓာတ်ကြွင်းအာနိသင်များ လျှော့ပါးစေရေးတို့အတွက် အဆိုပါ သင်တန်းများကို အပတ်စဉ် ဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိတွင် (၃၅) ကြိမ်မြောက်အထိ ဖွင့်လှစ်ထားပြီဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
