နေပြည်တော်၊ စက်တင်ဘာ ၁၄
ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ (၃) စောင်အား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ လျော်ကြေးငွေ ပေးလျော်စေရေး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်များမှာ Redmi 13C အမျိုးအစား တန်ဖိုးရှိ ဖုန်းပါဆယ်ထုပ်အား အခြားသူတစ်ဦးမှ ထုတ်ယူသွားသဖြင့် တာဝန်ယူမှု မရှိသည့် ယာဉ်လိုင်းတစ်ခုအား တိုင်ကြားခဲ့ရာ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီတို့နှင့် ညှိနှိုင်း၍ လျော်ကြေးငွေ ကျပ် (၃) သိန်း ပေးလျော်စေခဲ့ပြီး ဝန်ဆောင်မှုပေးရာတွင် တာဝန်ယူမှု/တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်သွားရန် ဝန်ခံကတိ ရေးထိုးစေခဲ့သည်။
အလားတူ လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သည့် ကျပ် ၅၀ဝ,၀ဝဝ တန်ဖိုးရှိ ၇.၅ ကိလိုဝပ် ရေပန့်မော်တာ ပျောက်ဆုံးမှုအတွက် မော်တာတန်ဖိုး ကျပ် ၅၀ဝ,၀ဝဝ ကို ယာဉ်လိုင်းဘက်မှ အရစ်ကျ နှစ်ကြိမ်ခွဲ၍ ပေးလျော်ခဲ့သည်။
ထို့အပြင် မန္တလေးမှ အောင်လံမြို့သို့ ပို့ဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ကျပ် (၁၀) သိန်းတန် စက်ဘီးကိရိယာစက်အတွက် ဂိတ်တာဝန်ရှိသူက ကျပ် (၃) သိန်းသာ ပေးလျော်မည်ဟု ငြင်းဆန်ခဲ့သဖြင့် တိုင်ကြားခဲ့ရာ ညှိနှိုင်းစိစစ်မှုများ ပြုလုပ်ပြီးနောက် လျော်ကြေးငွေ ကျပ် (၈) သိန်း ပေးလျော်စေခဲ့ကြောင်း သိရသည်။
