Home News Local News ဗဟန်းမြို့နယ် စုပေါင်းရုံး တည်ဆောက်ရေး မြေနေရာအခက်အခဲကြောင့် လတ်တလော မဆောင်ရွက်နိုင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြေကြား

ဗဟန်းမြို့နယ် စုပေါင်းရုံး တည်ဆောက်ရေး မြေနေရာအခက်အခဲကြောင့် လတ်တလော မဆောင်ရွက်နိုင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြေကြား

0
89

ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား တနေရာတည်းတွင် စုစည်းဖွင့်လှစ်နိုင်ရန် မြို့နယ်စုပေါင်းရုံး တည်ဆောက်ပေးရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုံလောက်သော မြေနေရာရှာဖွေရန် အခက်အခဲရှိနေသဖြင့် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေကြားခဲ့သည်။

ယင်းမေးခွန်းကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်ရီရီတင်က မြို့နယ်စုပေါင်းရုံးတည်ဆောက်ပေးခြင်းသည် အဆောက်အဦတစ်ခု တည်ဆောက်ခြင်းထက် ပိုမိုအရေးပါပြီး အစိုးရဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိရေးကို အထောက်အကူပြုနိုင်သကဲ့သို့ ပြည်သူများ၏ အချိန်နှင့် ငွေကြေးကုန်ကျမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာရုံးများ တနေရာတည်းတွင် တည်ရှိနေခြင်းကြောင့် အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းလာစေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို One Stop Service စနစ်ဖြင့် လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအတွက် ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများကို တစုတစည်းတည်း တည်ဆောက်ပေးရန်နှင့် ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို တနေရာတည်းတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်စုပေါင်းရုံးအား အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က “ဗဟန်းမြို့နယ်အတွင်း စုပေါင်းရုံး ဆောက်လုပ်နိုင်မည့် လုံလောက်သော အကျယ်အဝန်းရှိ မြေနေရာ ရှာဖွေရရှိနိုင်ရန် အခက်အခဲရှိပါသဖြင့် လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here