ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နှင့် ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) များတွင် မြန်မာသံရုံး အိမ်ရာပရဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီး ဒေါ်ချိုချိုစိုး၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် ဇနီးတို့အပြင် မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ အလုပ်သမားသံအရာရှိရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ၊ ထိုင်းသံတမန်များနှင့် လုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူးဆုမွန်ကောင်း အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာသံရုံး၊ စစ်သံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက မြန်မာ့ရိုးရာ အတာသင်္ကြန် အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့ပြင် ဧည့်သည်တော်များအား သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး စသည့် မြန်မာ့ရိုးရာအစားအစာများနှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အတာရေများ ပက်ဖြန်းကာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
